MMWEATHER CHATROLL HERE
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ကျနော်ပထမဦးစွာနှုတ်ခွန်းဆက်သလိုပါတယ်။
အင်တာနက်ပေါ်မှာ ရနိုင်တဲ့ သတင်းတွေထဲက အချို့သော သတင်းတွေဟာ မှန်ကန်မှု နည်းပြီး အချို့သတင်းတွေ/ သတင်းအခြေအမြစ်တွေကတော့ မှန်ကန်ပြီး အားကိုးရတဲ့ သတင်းများဖြစ်ကြောင်း တွေ့နိုင်ပါတယ်။
Nargis လေမုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက်ပိုင်း လ အတော်ကြာသည်အထိ ဧရာဝတီတိုင်းမှာ နေထိုင်ကြတဲ့ ပြည်သူလူထုအပြင် ရန်ကုန်မြို့မှာနေထိုင်ကြတဲ့ ပြည်သူအများကပါ ရာသီဥတုနဲ့ပတ်သက်တဲ့သတင်းကို စိတ်ဝင်တစားရှိလာကြတာတွေ့ရပါတယ်။
တကယ့်မုန်တိုင်းတိုက်ခတ်တဲ့ဒဏ်ကို မျက်ဝါးထင်ထင်တွေ့လိုက်ကြရပြီးတဲ့နောက်မှာ မုန်တိုင်းရဲ့ ဆိုးကြိုးတွေကိုလဲကိုယ်တွေ့ ခံစားလိုက်ကြရပြီးဖြစ်ပါတယ်။
အခုလဲ ရန်ကုန်မြို့အတွင်းက တချို့ရပ်ကွက်တွေမှာ ရန်ကုန်မြို့ကိုတော့ မုန်တိုင်းတစ်ခုတိုက်ခတ်လာဦးမယ်၊ နာဂစ်ထက်တောင်ပိုဆိုးရင်ဆိုးဦးမှာ စသည်ဖြင့် သတင်းတွေမကြာခဏ ထွက်ပေါ်လာတတ်တာ ကြားနေရပြန်ပါတယ်။ များသောအားဖြင့်ကတော့ ကောလဟာလ တွေဖြစ်ပါတယ်။ ရာသီဥတုအခြေအနေကို အရင်းပြုပြီး ကောလဟာလတွေကို ဒီလိုလျှောက်ပြောလိုက်တဲ့အတွက် ဘယ်သူကတော့ဖြင့် နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ်လိုအမြတ်တွေထွက်သွားကြတယ်ဆိုတာတော့ကျနော်မသိပါဘူး၊ ရပ်ကွက်တွေမှာနေထိုင်ကြတဲ့ မုန်တိုင်းဒဏ်ကို ခံစားလိုက်ရဖူးတဲ့ ပြည်သူလူထုအဖို့ စားမဝင်အိပ်မပျော်နဲ့ ကြောက်လန့်ကုန်ကြတာတော့ မျက်မြင်ကိုယ်တွေ့အမှန်တွေပါဘဲ။
နောက်ပြီး ရာသီဥတုနဲ့ပတ်သက်တဲ့ သတင်းတွေ၊ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ သတင်းတွေအပေါ် အင်တာနက်ပေါ်မှာမြန်မာလို လေ့လာစရာတွေကတော့ အတော်လေးကို အားနည်းနေသေးတာကို တွေ့ရပါတယ်၊
ပြည်တွင်းမှာနေထိုင်ကြတဲ့ မြန်မာတွေအနေနဲ့လဲ သတင်းအချက်အလက်နဲ့ပတ်သက်လို့ အင်တာနက်အပေါ်မှာ မှီခိုမှုအားနည်းနေဆဲဘဲဆိုတာ တွေ့ရပါတယ်။ အဲဒါတွေကြောင့် Myanmar Weather and Natural Disaster Information Collection ကို အကောင်အထည်ဖေါ်ချင်စိတ်တွေ ပြင်းပြလာတာလဲဖြစ်ပါတယ်။
ကျနော့်ရဲ့ Myanmar Weather and Disaster Information Collection Network ကို Ning အပေါ်မှာ စတင်ပေးလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ တစ်ကမ္ဘာလုံးကသတင်းအချက်အလက်တွေကို ဖလှယ်နိုင်ဖို့သုံးနေတဲ့ အင်တာနက်ကြီးပေါ်မှာ မြန်မာ့ ရာသီဥတုအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအတွင်းမှာရော ၊ ပြည်ပမှာပါ အင်တာနက်သုံးစွဲကြသူ မြန်မာများကို မှန်မှန်ကန်ကန် အသိပေး/သတိပေး နိုင်အောင် ရည်ရွယ်ပါတယ်။
ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ weather information update ဖြစ်နေအောင် ပါဝင်ကူညီပေးကြမဲ့ စေတနာရှင်များကိုလဲ ဒီနေရာကနေဖိတ်ခေါ်ချင်ပါတယ်။ မြန်မာများအားလုံးတတ်အားသရွေ့ မွန်မြတ်တဲ့စေတနာနဲ့ ပါဝင်ကူညီ ရေးသားပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါရစေခင်ဗျား။
ပါဝင်ကူညီသူများအားလုံးကိုလေးစားလျှက် ….
MMWEATHER ADMINISTRATION TEAM
July 15, 2009 at 1:00 pm
ကောင်းတယ်ဗျာ။ အရမ်းဝမ်းသာတယ်ဗျို့။
ကျနော်ကတော့ အာရှတိုက်ရဲ့ သဘာဝဘေးဒဏ်အများဆုံးခံရတဲ့ ဖိလစ်ပိုင်နိုင်ငံကပါ။
ဒီနိုင်ငံမှာကတော့ သဘာဝဘေးဒဏ်ကို မကြာခဏခံနေရတော့ ကြိုတင်အသိပေးစနစ်တွေ ကိုအကောင်းဆုံးဖြစ်အောင် ကြံဆောင်နေကြပါတယ်။
ရေဒီယို၊ ကမ်းနီး၊ ကမ်းဝေ၊ FM၊ mobile message စသည်ဖြင့်ပေါ့ဗျာ။
နောက်ပြီးတော့ မြို့တွေတော်တော်များများမှာလည်း မုန်တိုင်းသတ်မှတ်ချက်အဆင့်အရ ဥသြတွေကိုလည်း ဆွဲပေးပါတယ်။
ဒီ website လေး လည်းအဓွန့်ရှည်ခိုင်မြဲပြီး၊ မြန်မာပြည်သူပြည်သားတွေအတွက် အလွန်အင်မတန်အရေးပါတဲ့ website လေးတစ်ခုဖြစ်ပါစေလို့ ဆန္ဒပြုရင်…။
စိုးထိုက် (သူကြီး)
ခေတ္တဖိလစ်ပိုင်။
July 15, 2009 at 1:40 pm
ကျေးဇူးပါဗျာ
ကိုစိုးထိုက် ကျနော်က moderate လုပ်ရသေးတယ်ဗျ
comments တွေကို တစ်ခါတည်း လွှတ်လိုက်တာက ပိုကောင်းမလား ၊ အခုလို pending လုပ်ထားပြီး approve လုပ်တာ ပိုကောင်းမလား …. စဉ်းစားပါဦး
အခုကတော့ ကျနော်က approve လုပ်လိုက်မှ comment တွေက publish ဖြစ်လာမယ်ဆိုတော့ …. အများရဲ့ ဆန္ဒကိုလဲ သိချင်ပါတယ် ပြန်ပြောပေးကြပါဦး
July 15, 2009 at 2:44 pm
အရမ်းကျေးဇူးတင်ဘို့ကောင်းပါတယ်ဗျာ ။ ဒီဆိုဒ်ကနေ တစ်ဆင့်လင့်ပေးတဲ့ wunderground တို့ Tropical Storm Risk လည်းအရမ်းအသုံးဝင်တာ ပဲ
ကျွန်တော်တို့လည်း အရင်ကနဲ့စာရင် အမြင်ကျယ်လာပါပြီ ဗျာ၊ ဒီလို website တွေရဲ့ကျေးဇူးကြောင့် ပေါ့။
September 21, 2009 at 12:38 am
ကျွန်တော်က ပဲခူးငလျင်အကြောင်း သိချင်တယ်ဗျ။ အဟောင်းပေါ့။
ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့ ထူးခြားတဲ့ ငလျင်တွေကို သိချင်တယ်ဗျာ။
ကူညီပေးနိုင်မလား။
September 21, 2009 at 8:57 am
မှတ်တမ်းတွေ အထောက်အထားတွေ ရနိုင်သလောက်စုစည်းပြီး တင်ပေးပါမယ်၊ သိတဲ့သူများ ပညာရှင်များကလဲဘဲ ဝိုင်းဝန်းမျှဝေပေးကြစေချင်ပါတယ်။
October 15, 2009 at 12:41 pm
ပဲခူးငလျှင်ကြီးအကြောင်း ဒီနေရာမှာ တင်ထားပေးပြီးပါပြီ။