ယနေ့နံနက် မြန်မာစံတော်ချိန် ၄နာခွဲအချိန် ဖိလစ်ပိုင်မိုးလေဝသ T2K မှ ထုတ်ပြန်ချက်တွင် တိုင်ဖွန်းမုန်တိုင်း NIDA သည် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ် အားလျော့လာပြီဖြစ်ကြောင်းသိရပါသည်။ WUND မှ လာမည့် ၅ ရက်အတွက် ခန့်မှန်းထားသော အောက်ဖေါ်ပြပါ ပုံတွင် NIDA သည် မြောက်ဘက်သို့ တစ်နာရီ- ၁မိုင် မှ ၂ မိုင်နှုန်းခန့်) ဖြင့်ရွေ့လျားနေပြီး မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၁၁၅ မိုင်မှ ၁၄၅ မိုင်အထိရှိနေကြောင်းဖေါ်ပြထားပါသည်။
NIDA သည် ဖိလစ်ပိုင် မိုးလေဝသ ပိုင်နက်၏ အရှေ့ဘက် ၄၅ဝ ကီလိုမီတာ (မိုင် ၂၈ဝ ခန့်) တွင် ဗဟိုပြုနေပြီး အရွယ်အစားအားဖြင့် ကြီးမားဆဲ (အချင်း ၈၁၅ ကီလိုမီတာ၊ ၅ဝ၇ မိုင်ခန့်) ဖြစ်ကြောင်း T2K ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။ မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ရိုက် ဝင်ရောက်လာနိုင်မည့် အန္တရာယ် (လတ်တလောအချိန်တွင်) မရှိကြောင်း မုန်တိုင်းအရှိန်ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် မိုးရေချိန် ၅ မီလီမီတာမှ ၁၅ဝ မီလီမီတာ(၆ လက္မခန့်) နှင့် မုန်တိုင်း ဗဟိုချက်အနီးတွင် ၂၅ဝ မီလီမီတာ (၁ဝ လက္မခန့်) အထိရွာသွန်းနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါသည်။

၆နိုင်ငံ မိုးလေဝသခန့်မှန်းရေးဌာနများမှ ကြိုတင်ခန့်မှန်းထားသော မုန်တိုင်း ဆက်လက်ရွေ့လျားနိုင်မည့်လမ်းကြောင်းပြပုံ အရ တိုင်ဖွန်းမုန်တိုင်း NIDA သည် မြောက်ဘက်သို့ရွေ့လျားနေရာမှ အနောက်ဘက်သို့ လမ်းကြောင်းပြောင်းရွေ့လျားကာ ဖိလစ်ပိုင်ပင်လယ်သို့ ဝင်ရောက်လာနိုင်ဘွယ်ရှိကြောင်း တွေ့မြင်နိုင်ပါသည်။
သို့ရာတွင် T2K ခန့်မှန်းချက်အရ လာမည့် ဒီဇင်ဘာလ ၅ ရက်နေ့ နောက်ပိုင်းတွင် စူပါတိုင်ဖွန်းအဆင့်မှ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ လျော့ကျလာနိုင်ပြီး လုံးဝ အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း၊ အခြေအနေကို ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။



