မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆူနာမီ ကြိုတင်လေ့ကျင့်မှုတခုကို ကမ်းရိုးတန်း ဒေသများဖြစ်သော ပြည်နယ် နှင့် တိုင်း ၅ ခုတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ဆက်သွယ်ရေး စမ်းသပ်မှု (Communication Test) တခု လေ့ကျင့် ပြုလုပ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။
အိန္ဒိယသမုဒ္ဒရာနှင့် နီးစပ်တည်ရှိနေသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံတို့တွင် ဆူနာမီလေ့ကျင့်မှုတခုကို ပြုလုပ်စေပြီးနောက် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတွင် လေ့ကျင့်မှု ဖြစ်ပေါ်လာခဲ့သည်။
သတိပေးချက် မြန်ဆန် ထိရောက်မှုနှင့် ပတ်သက်၍ သိရှိလေ့လာနိုင်ရေး ရည်ရွယ်ကာ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်ဟု နေပြည်တော်ရှိ မိုးဇလက ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ ဦးကျော်မိုးဦးက မဇ္စျိမကို ပြောသည်။
“ဒီမနက် ၇း၃၀ နာရီမှာ စတယ်။ အဓိက သတ်မှတ်တဲ့ဒေသတွေက ၂၀၀၄ ခုနှစ်က ဆူနာမီ အများဆုံးဖြစ်ခဲ့တဲ့ ဒေသတွေမှာ လုပ်ပါတယ်။ သဘာဝ ဘေးအန္တာရာယ်နဲ့ ပတ်သက်တဲ့ ဌာနဆိုင်တွေ အားလုံးပါတယ်။ အဲဒီ အဖွဲ့အစည်းတွေကနေ ဦးဆောင်ပြီးတော့ လူရွှေ့ပြောင်းမှု မပါဘဲနဲ့ အဓိကတော့ Communication test (ဆက်သွယ်ရေး) ကိုစမ်းသပ်တာပါ” ဟု ပြောသည်။
စမ်းသပ် လေ့ကျင့်စေရာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကျေးရွာတရွာ၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်ဆဲကျေးရွာ၊ ရန်ကုန်တိုင်းအတွင်းရှိ လက်ခုပ်ကုန်း ကျေးရွာ၊ တနင်္သာရီတိုင်းရှိ ကဒုံကနိကျေးရွာနှင့် ဧရာဝတီတိုင်း၊ ပြင်စလူမြို့နယ်အတွင်းရှိ ကျေးရွာတရွာတို့ ပါဝင်သည်။
“ပြည်သူလူထု မပါဘူးဆိုပေမဲ့ NGOs၊ INGOs အဖွဲ့တွေက ပုဂ္ဂိုလ်တွေ၊ ကျေးရွာတွေက Volunteers (လုပ်အားပေး) တွေပါတယ်” ဟု မိုးဇလ အရာရှိကပြောသည်။
ဂျပန် မိုးလေဝသ အေဂျင်စီ (JMA) နှင့် ပစ္စဖိတ် ဆူနာမီ သတိပေးချက် ဗဟို (PTWC) တို့မှ ပေးပို့သည့် ဆူနာမီ သတိပေး အချက်အလက်များကို မိုးဇလအနေဖြင့် အစမ်းလေ့ကျင့်သည့် ကမ်းရိုးတန်း ဒေသတို့ကို တဆင့်ပေးပို့ကာ အချိန်ကြာမြှင့်ချိန်ကို ဆန်းစစ်သွားမည် ဖြစ်သည်။
“ကျနော်တို့ သတင်းစပြီး ထုတ်လွှင့်တဲ့ အချိန်ကနေ ရပ်ကွက်၊ ကျေးရွာရောက်တဲ့အထိ ဘယ်လောက်ကြာသွားသလဲ ဆိုတာကို ကျနော်တို့က ဆန်းစစ်တာပါ။ တကယ်လို့ ကျနော်တို့ပို့တဲ့ သတင်းအချက်အလက်က အချိန်မှီရဲ့လား ဆိုတာကို ကျနော်တို့အနေနဲ့ အန္တာရာယ် ဖြစ်လာလို့ ရှောင်ရှားဖို့ အချိန်လုံလောက်မှုရှိ၊ မရှိဆိုတာကို ဆန်းစစ်ဖို့အတွက် အချိန်ကို ကြည့်တာပါ” ဟု ဦးကျော်မိုးဦးက ပြောသည်။
သက်ဆိုင်ရာ စမ်းသပ်ဒေသများမှ ထွက်ရှိလာမည့် ရလဒ် အစီရင်ခံစာကို အိန္ဒိယ သမုဒ္ဒရာပြင် (IO-Wide) ကို တလအတွင်း ပေးပို့ရမည် ဖြစ်သည်။
အစိုးရအနေဖြင့် ဆူနာမီ လေ့ကျင့်ပြုလုပ်သည့် ကမ်းရိုးတန်းဒေသများတွင် အချိန်မီ ဆက်သွယ် သတင်း အချက်အလက် ပေးနိုင်ရန် စီဒီအမ်အေ (CDMA) တယ်လီဖုန်းများ ချထားပေးပြီး ဖြစ်သည်ဟု ပြောသည်။
၂၀၀၄ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က အိန္ဒိယ သမုဒ္ဒရာအတွင်း ဆူနာမီ ငလျင်လှိုင်းကြောင့် နိုင်ငံပေါင်း ၁၂ နိုင်ငံထက် မနည်းတွင် လူပေါင်း ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ၆၁ ဦးသေဆုံးကာ၊ ပျောက်ဆုံးသူ ၄၀၀ ဦးခန့်နှင့် ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
မဇ္စျိမ RSS FEED မှ ကူးယူဖေါ်ပြပါသည် – by thant.aung@gmail.com ( နန်းဒေဝီ)
