တိုင်ဖွန်းမုန်တိုင်းဖြစ်လာသော MIRINAE(23W)

တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာပြီဖြစ်သော MIRINAE (23W – Twenty-Three) သည် အောက်တိုဘာလ ၂၈ ရက် မြန်မာစံတော်ချိန် နံနက် ၈နာရီခွဲအချိန်ရရှိသော အချက်အလက်များအရ မနီလာမြို့အရှေ့ဘက် ၁၁၇၄ မိုင်ခန့်သို့ ရောက်ရှိဗဟိုပြုနေပြီး CAT-2  (လေတိုက်နှုန်း တစ်နာရီ ၉၆ မိုင်မှ ၁၁ဝ နှုန်း)သို့  ရောက်ရှိလာပြီဖြစ်ကြောင်းသိရပါသည်။

တိုင်ဖွန်းမုန်တိုင်း MIRINAE သည် အနောက်ဘက်သို့ တစ်နာရီလျှင် ၂၁ မိုင်နှုန်းဖြင့် လျှင်မြန်စွာရွေ့လျားလျှက်ရှိကာ ကြာသကတေးနေ့ နံနက်ပိုင်း (ဂျပန်စံတော်ချိန် ၉ နာရီ) တွင် အင်အားပိုမိုကောင်းလာပြီး အဆင့်-၃ ဆိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြပါသည်။

တိုင်ဖွန်းမုန်တိုင်း၏ လမ်းကြောင်းမှာ မူလခန့်မှန်းထားသည့်အတိုင်းသိသာသော ပြောင်းလဲမှုမရှိကြောင်း တွေ့နိုင်ပါသည်။ လာမည့် အောက်တိုဘာလ ၃ဝ ရက် သောကြာနေ့မတိုင်မီမှာပင် တိုင်ဖွန်းမုန်တိုင်း MIRINAE ၏ တိုက်ခတ်မှုကို ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းဒေသများ၌ စတင်ခံစားရဘွယ်ရှိပါသည်။

တိုင်ဖွန်းမုန်တိုင်း MIRINAE နှင့်ပတ်သက်သည့် ထူးခြားမှုများကို mmweather မှ ဆက်လက်စောင့်ကြည့်လေ့လာတင်ပြပေးသွားမည်ဖြစ်ပါသည်။

TSR YELLOW ALERT 27OCT 1800 UTC  (အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်)
http://bit.ly/4eHocT

အပူပိုင်းမုန်တိုင်း 23W – MIRINAE ဟု အမည်ပေးပြီ

အပူပိုင်းမုန်တိုင်း 23W (TWENTY-THREE) အား ဂျပန်မိုးလေဝသဌာနမှ ထုတ်ပြန်ချက်တွင် MIRINAE ဟု အမည်ပေးထားလိုက်ပြီဖြစ်ပါသည်။

လက်ရှိတည်နေရာအား ဂူအမ်ကျွန်းအနောက်မြောက်ဘက် မိုင် ၁၆ဝ ခန့်တွင် ရှိနေကြောင်း ဖေါ်ပြထားပြီး အနောက်ဘက်သို့ ၁ နာရီလျှင် ၃ဝ ကီလိုမီတာနှုန်း (၁၈.၆ မိုင်နှုန်း) ဖြင့် ရွေ့လျားနေကြောင်း၊ လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ မှ ၅၅ မိုင်နှုန်း အခန့် အထိ ရှိကြောင်း ဖေါ်ပြထားပါသည်။

အပူပိုင်းမုန်တိုင်း MIRINAE သည် အောက်တိုဘာလ ၃ဝ ရက်နေ့ 0600UTC မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှ မိုင် ၂၇ဝ ခန့် အကွာသို့ရောက်ရှိလာမည်ဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၈ဝ မှ ၁၁၅ မိုင်နှုန်းရှိသည့် အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းသို့ ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းဖေါ်ပြထားကြောင်း၊ မုန်တိုင်း၏ လမ်းကြောင်းမှာ ယခင်ခန့်မှန်းချက်များထက် မိုင်အနည်းငယ်ခန့် မြောက်ပိုင်းသို့ ရောက်ရှိလာသည်ကိုတွေ့ရကြောင်း တင်ပြလိုက်ပါသည်။

အပူပိုင်းမုန်တိုင်း 23W အခြေအနေ update

အပူပိုင်းမုန်တိုင်း 23W TWENTY-THREE ၏ နောက်ဆုံးရရှိသော data များအရ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့ဘက် မိုင် ၁၄၄ဝ ခန့်သို့  ရောက်ရှိလာပြီး ဂူအမ်ကျွန်းအနောက်မြောက်ဘက် မိုင် ၁၄ဝ ခန့်သို့ရောက်ရှိလာပြီဖြစ်ပါသည်။ ၄င်းသည် လွန်ခဲ့သော ၆ နာရီအတွင်း အနောက်-အနောက်မြောက်သို့ တစ်နာရီ ၁၈ မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ပြီး ယခုအတိုင်းဆက်လက်ရွေ့လျားပါက ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှ ၆၇၅ မိုင်ခန့် သို့ နောက် ၄၈ နာရီအတွင်း ရောက်ရှိလာမည်ဖြစ်ပါသည်။

ဆက်လက်၍ မနီလာမြို့ အရှေ့ဘက် မိုင် ၄၃ဝ ခန့်သို့ နောက် ၇၂ နာရီအတွင်းရောက်ရှိလာနိုင်ပါသည်။ သို့ရာတွင် မုန်တိုင်းများ ကမ်းရိုးတန်းသို့ ချဉ်းကပ်လာစဉ် ရွေ့လျားမှုနှုန်းလျော့ကျသွားတတ်သဖြင့် ထို့ထက်ပို၍ နောက်ကျပြီး ချဉ်းကပ်လာနိုင်ပါသည်။ ထို့ပြင် ယနေ့နံနက်ပိုင်းတွင် ရရှိသည့် data များမှ ပုံဖေါ်ရရှိသည့် လမ်းကြောင်းထက် မြောက်ဘက်သို့ အနည်းငယ် တက်သွားသည်ကိုလည်းတွေ့ရှိရပါသည်။ ထို့ကြောင့် ပြီးခဲ့သည် မုန်တိုင်း 22W(LUPIT) ကဲ့သို့ မြောက်ပိုင်းသို့ထပ်မံ ရောက်ရှိကာ အားလျော့သွားနိုင်ပြီး၊ မူလ ခန့်မှန်းရာလမ်းကြောင်းသည်လည်း  ပြောင်းလဲမှု ရှိလာနိုင်သေးကြောင်း ခန့်မှန်းတင်ပြလိုက်ပါသည်။

Follow

Get every new post delivered to your Inbox.