ပြီးခဲ့တဲ့ သီတင်း ၃ ပတ်အတွင်းမှာ လူပေါင်း ၇ဝဝ ကျော်သေဆုံးခဲ့ရပြီးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဆီကို လေဖိအားနည်းရပ်ဝန်းမှအားပိုကောင်းလာပြီး အပူပိုင်းမုန်တိုင်း ဖြစ်လာတဲ့ 22W ဦးတည်လာနေပြန်ပြီဖြစ်ကြောင်း Bloomberg အင်တာနက်သတင်းတစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။
ဒီကနေ့ ဖိလစ်ပိုင်စံတော်ချိန် နံနက် ၈နာရီမှာ အဲဒီ မုန်တိုင်းဟာ ဂူအမ်ကျွန်းတောင်ဘက် ၂၁၃ ကီလိုမီတာ(၁၃၃ မိုင်) မှာဗဟိုပြုနေတယ်လို့ သတင်းရေးသားသူ Aaron Sheldrick က ဖေါ်ပြထားပါတယ်။ မုန်တိုင်းဟာ အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီကို ၃၅ ကီလိုမီတာနှုန်းနဲ့ ရွေ့လျားနေကြောင်း၊ လာမဲ့ ၄၈ နာရီအတွင်းမှာ တစ်နာရီကို ၁၂ဝ ကီလိုမီတာ(၇၅ မိုင်) နှုန်းရဲ့အထက်နဲ့ တိုက်ခတ်မဲ့ အဆင့်-၃ (CAT-3) တိုင်ဖွန်းမုန်တိုင်းတစ်ခုအဖြစ်သို့ ရောက်ရှိလာမှာ ဖြစ်ကြောင်း JTWC ခန့်မှန်းချက်မှာဖေါ်ပြထားတယ်လို့ ဆိုပါတယ်။
အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းဖြစ်လာရင် လေတိုက်နှုန်း တစ်နာရီ ၁၇၈ မှ ၂ဝ၉ ကီလိုမီတာ (၁၁ဝ မိုင်မှ ၁၃ဝ မိုင်နှုန်း) အထိရှိမှာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့၊ ဖိလစ်ပိုင်နိုင်ငံရဲ့ National Disaster Coordination Council(NDCC) မှတ်တမ်းများအရ ပြီးခဲ့တဲ့ သီတင်း ၃ ပတ်အတွင်းမှာ မုန်တိုင်း PARMA ကြောင့် သေဆုံးသူဦးရေ ၃၇၄ ဦးနဲ့ ၅၂ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ လူပေါင်း ၉၇ဝဝဝ ကို ကယ်ဆယ်ရေးစခန်းများဆီမှာ စောင့်လျှောက်ထားရကြောင်း၊ PARMA ရံ့ ရှေ့က မုန်တိုင်း KETSANA ကြောင့် ၃၃၇ ဦးသေဆုံးပြီး ၃၇ ဦးပျောက်ဆုံးနေဆဲဖြစ်ကာ၊ လူပေါင်း ၂၁၆ဝဝဝ ကို ကယ်ဆယ်ရေးစခန်းတွေဆီမှာ စောင့်လျှောက်ထားရဆဲ ဖြစ်တာကြောင့် ဒီတစ်ခါ 22W ထပ်ဝင်လာဦးမဲ့အရေး ရတက်မအေးဘဲ ရှိနေကြရကြောင်း တင်ပြလိုက်ပါတယ်။

WUND – 5 Days Forecast image

Download PDF post for 15OCT-1500-mmtime-22W
click to view full size image