မုန်တိုင်း ၂ ခုနဲ့ ဖြစ်လာနိုင်သောအန္တရာယ်များ

အောက်ပုံက အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၂ နာရီခွဲမှာ ရရှိတဲ့ ဂြိုလ်တုဓါတ်ပုံဖြစ်ပါတယ်။ ပုံမှာ ဘယ်ဘက်က PARMA(Tropical Storm) ဖြစ်ပြီး ညာဘက်က MELOR(Super Typhoon) ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့်လည်း တော်တော်လေးကွာပါတယ်။

စူပါတိုင်ဖွန်း MELOR ကို ဂျပန်နိုင်ငံ တိုကျိုမြို့အနီးမှ ဖြတ်သန်းသွားမယ်လို့ အကြမ်းခန့်မှန်းထားကြပါတယ်၊ စူပါတိုင်ဖွန်း MELOR နဲ့ အပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားတဲ့ PARMA တို့ရဲ့ တိမ်တိုက်အမြီးများဟာ အရှေ့တောင်အာရှက သူတို့ ဝင်ရောက်တိုက်ခတ်မဲ့ ကုန်းတွင်းပိုင်းတွေအပေါ် ခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။

PARMA ဟာ သူ့ရဲ့ မုန်တိုင်းအဝန်းထဲကိုစီးဝင်လာတဲ့ ခြောက်သွေ့တဲ့ လေများကြောင့် အားပျော့သွားပေမဲ့ ပြီးခဲ့တဲ့ အပတ်အတွင်း ဖိလစ်ပိုင်မှာ မိုးရေချိန်လက်မ ၂ဝကျော်ရွာသွန်းစေခဲ့ပြီး ရေကြီးမှုများကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ အခုလဲ မြောက်ပိုင်းစွန်းကို ကျော်ဖြတ်တိုက်ခတ်သွားပြီးမှ ပြန်ကွေ့လာပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ အနောက်မြောက်ကမ်းရိုးတန်းမြို့များဖြစ်ကြတဲ့ Laoag နဲ့ Vigan မြို့နှစ်မြို့ကို ခြိမ်းခြောက်နေပါတယ်။ ပြီးရင်တော့ အနောက်ဘက်ကို သိသိသာသာ ရွေ့လျားသွားပြီး ဗီယက်နမ်ကမ်းခြေနဲ့ တရုတ်တောင်ဘက် ကမ်းရိုးတန်းတွေဆီ ဦးတည်ဦးမယ်လို့ ခန့်မှန်းရပါတယ်။

MELOR ကတော့ ဂျပန်ကမ်းရိုးတန်းအတိုင်းရွေ့လျားသွားမယ်လို့ ခန့်မှန်းထားပြီး တစ်နာရီကို ၁၃၅ နော်တီကယ်မိုင်(သို့မဟုတ်) ၁၅၆ မိုင်နှုန်း မှ ၁၆၅ နော်တီကယ်မိုင်(သို့မဟုတ်) မိုင် ၁၉ဝ အထိ ရှိတဲ့ လေပြင်းများတိုက်ခတ်စေမှာဖြစ်ပြီး မုန်တိုင်းဗဟိုမှာ မုန်တိုင်းဒီရေအမြင့် ပေ ၄ဝ အထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။

သူတို့နှစ်ခုပေါင်းပြီး ဖြစ်လာနိုင်တာကိုလဲ T2K ကြေငြာချက်မှာ ဆက်လက်ဖေါ်ပြပေးလျှက်ရှိပါတယ် – Direct Cyclone Interaction (aka. Fujiwhara Effect) continues w/ Typhoon MELOR (QUEDAN).

MELOR ဟာ မြောက်ပိုင်းကိုရောက်လာလေ ပိုအေးတဲ့ ပင်လယ်ရေနဲ့ တွေ့ထိလေဖြစ်ပြီး ပင်လယ်ရေအေးများက မုန်တိုင်းကို အားပျော့စေမှာ ဖြစ်ပါတယ်။ မုန်တိုင်းအားပျော့သွားပေမဲ့ မိုးရေချိန်မြင့်မားမှုက ဂျပန်နိုင်ငံ ကမ်းရိုတန်းဒေသအပေါ် ရေကြီးမှုအန္တရာယ်ဖြစ်စေဦးမှာဖြစ်ကြောင်းလဲ ခန့်မှန်းထားကြပါတယ်။

အပူပိုင်းမုန်တိုင်း PARMA နှင့် စူပါတိုင်ဖွန်း MELOR

အပူပိုင်းမုန်တိုင်း PARMA နဲ့ ဂျပန်နိုင်ငံကို ဦးတည်ခြိမ်းခြောက်နေပြီဖြစ်တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း MELOR တို့ရဲ့ အခြေအနေကို ဒီကနေ့ အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းမှာ စောင့်ကြည့်လေ့လာပြီး တင်ပြပေးလိုက်ပါတယ် –

အပူပိုင်းမုန်တိုင်း PARMA  ဟာ သိသိသာသာ အားကောင်းလာခြင်းမရှိပေမဲ့ တောင်ဘက်ကိုဦးတည်ပြီး ပြန်ဆင်းလာတဲ့ အနေအထားကြောင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ Signal #1 ပြန်ထုတ်ထားရကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ PARMA ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရဲ့ မြောက်ဘက် မိုင် ၂၈ဝ ခန့်မှာဗဟိုပြုနေပြီး တောင်ဘက်တည့်တည့်ကို တစ်နာရီ ၇ မိုင်နှုန်းနဲ့ ရွေ့လျားနေကြောင်းသိရပါတယ်၊ လေတိုက်နှုန်း တစ်နာရီကို ၅၅ မိုင်မှ ၇ဝ မိုင်နှုန်းအထိရှိပြီး မုန်တိုင်းဗဟိုမှာ မုန်တိုင်းဒီရေအမြင့် ၃၁ ပေအထိရှိတယ်လို့ JTWC ခန့်မှန်းချက်မှာ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၈ ရက် နံနက် 00 hr GMT (မြန်မာစံတော်ချိန် +၆နာရီခွဲ) အထိ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ ဝေ့ပြီး တိုက်ခတ်နေဦးမဲ့ အနေအထားကြောင့်လဲ Signal#1 ထုတ်တာလို့ သိရပါတယ်။ အောက်တိုဘာလ ၁ဝ ရက်နေ့ နောက်ပိုင်းမှာတော့ PARMA ဟာ တောင်တရုတ်ပင်လယ်ထဲကို သိသိသာသာ ရွေ့လျားဝင်ရောက်လာပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ တောင်တရုတ်ပင်လယ်ထဲကိုရောက်လာပြီးတော့မှ သူဘယ်ကိုဆက်သွားပြီး ဘယ်လောက်အထိ အားကောင်းလာနိုင်မလဲ ဆိုတာ ဆက်လက်စောင့်ကြည့်ကြရဦးမှာပါ။

စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်ကိုရောက်ရှိလာပြီး ဂျပန်နိုင်ငံကို ခြိမ်းခြောက်နေပြီဖြစ်တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း MELOR ကတော့ ဂျပန်နိုင်ငံ အိုကီနာဝါရဲ့ အရှေ့တောင်ဘက် မိုင် ၃ဝဝ မှာ ဗဟိုပြုနေပြီး အရှေ့မြောက်ဘက်ကို တစ်နာရီ ၁၅ မိုင်နှုန်းနဲ့ ရွေ့လျားနေကြောင်းသိရပါတယ်။ MELOR ဟာ အောက်တိုဘာလ ၈ ရက်နေ့ 00GMT (မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲခန့်) (လာမဲ့ ၄၈ နာရီအတွင်း) မှာ ဂျပန်နိုင်ငံ တိုကျိုနဲ့ နာဂိုယာမြို့ကြားကနေ ကုန်းတွင်းကိုဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားကြပြီး၊ ကုန်းတွင်းကိုဝင်ရောက်တိုက်ခတ်တဲ့အချိန်မှာ စူပါတိုင်ဖွန်းအဆင့်-၂ CAT-2 နဲ့ ဝင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်း ကုန်းတွင်းဝင်ရောက်ချိန်မှာ လေတိုက်နှုန်း တစ်နာရီကို ၉၆ မိုင်မှ ၁၁၆ မိုင်နှုန်းအထိရှိနိုင်ပြီး ၊ မုန်တိုင်းဒီရေအမြင့် လက်ရှိအချိန်မှာ ၃၈ ပေ အထိရှိနေကြောင်း သိရပါတယ်။