MIRINAE လေဖိအားနည်းရပ်ဝန်းဖြစ်သွားပြီ

ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း MIRINAE သည် ယမန်နေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီ ခွဲတွင် အပူပိုင်းမုန်တိုင်းအဖြစ်အားပျော့သွားကာ ယနေ့ နိုဝင်ဘာ ၃ ရက် နံနက် ၇ နာရီတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ဆက်လက် အားပျော့လျှက်ရှိကာ မကြာမီ လုံးဝပျက်ပျယ်သွားတော့မည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင်ရရှိသည့် data များအရ သိရပါသည်။

နိုဝင်ဘာလ ၃ ရက်  မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် ရရှိသည့် ဂြိုလ်တုဓါတ်ပုံတွင် တိုင်ဖွန်းမုန်တိုင်း MIRINAE ၏ အကြွင်းအကျန် တိမ်တိုက်ကြီးများကို ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ အပြင် မလေးရှားနိုင်ငံ  မြောက်ပိုင်းဒေသများတွင်လည်း  တွေ့နိုင်ပါသည်။ ထို့ကြောင့် အထက်ပါဒေသများတွင် မုန်တိုင်း အကြွင်းအကျန် မိုးများရွာနိုင်ကြောင်းလည်း သိရှိခန့်မှန်းနိုင်မည်ဖြစ်ပါသည်။

ယခု post သည် MIRINAE (23W) (SANTI) အစရှိသည့် အမည်များဖြင့် ဖြစ်ပေါ်လာခဲ့သော တိုင်ဖွန်းမုန်တိုင်းအတွက် နောက်ဆုံးတင်ပြသော post ဖြစ်ပြီး MIRINAE ပြန်လည်အားကောင်းလာနိုင်ခြင်းရှိ/မရှိ ဆက်လက်စောင့်ကြည့်လေ့လာကာ ထူးခြားမှုရှိလျှင် ပြန်လည်တင်ပြပေးသွားမည်ဖြစ်ပါသည်။

 

ဗီယက်နမ်သို့ဝင်ခါနီး MIRINAE တိုင်ဖွန်းအဆင့်သို့ ပြန်ရောက်လာ

အပူပိုင်းမုန်တိုင်းအဆင့်သို့ အားလျော့သွားခဲ့သော MIRINAE သည် ယနေ့ 0600 GMT (မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီ) တွင် ရရှိသော data များအရ တိုင်ဖွန်းမုန်တိုင်း အဆင့်-၁ သို့ ပြန်လည်ရောက်ရှိအားကောင်းလာကာ လမ်းကြောင်းမှာ တောင်ဘက်သို့ ၂၂ မိုင်ခန့် ဆင်းလာပြီး ကုန်းတွင်းသို့ ဝင်ရောက်လျှက်ရှိနေပါသည်။

ယခုကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင်မှ မိုင် ၉ဝ အထိ ရှိနေပါသည်။

အပူပိုင်းမုန်တိုင်း MIRINAE ဗီယက်နမ်ကမ်းခြေအားစတင်ဖြတ်ကျော်လျှက်ရှိ

အပူပိုင်းမုန်တိုင်း MIRINAE သည် ယနေ့နံနက် ဝ၆း၃ဝ နာရီ JTWC  data များအရ ဗီယက်နမ်နိုင်ငံ Phu Yen ပြည်နယ်၊ Tuy Hoa မြို့ ကမ်းခြေ၏ အရှေ့ဘက် မိုင် ၁ဝဝ ခန့်သို့ ရောက်ရှိဗဟိုပြုနေပြီး အနောက်ဘက်သို့ တစ်နာရီလျှင် ၁၈ မိုင်နှုန်းဖြင့် ဆက်လက်ရွေ့လျားကာ ဗီယက်နမ်ကမ်းခြေအား စတင် ကျော်ဖြတ်လျှက် ရှိနေပါသည်။ မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂ ရက် နံနက် ၉ နာရီခွဲတွင် ကမ်းခြေမှ ၅၅ မိုင်ခန့် ၊ မြို့တော် ဟိုချီမင်း၏ အရှေ့မြောက်ဘက် မိုင် ၂၈ဝ ခန့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်း MIRINAE သည် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅ဝ မှ ၆၅ မိုင်နှုန်း အထိ ရှိနေပြီး နောက် ၁၂ နာရီအတွင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားပါသည်။

အပူပိုင်းမုန်တိုင်း MIRINAE တောင်တရုတ်ပင်လယ်သို့ရောက်ရှိ

ဖိလစ်ပိုင်နိုင်ငံအားဖြတ်ကျော်တိုက်ခတ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်သော အပူပိုင်းမုန်တိုင်း MIRINAE သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ အရှေ့ဘက် ၆၅ဝ မိုင်ခန့်တွင် ဗဟိုပြုလျှက်အနောက်ဘက်သို့ တစ်နာရီလျှင် ၁၆ မိုင်နှုန်းဖြင့် ဆက်လက်ရွေ့လျားနေပါသည်။ မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၆၅ မိုင်မှ မိုင် ၈ဝ အထိရှိပြီး လာမည့် ၃၆ နာရီအတွင်း ဗီယက်နမ်ကမ်းခြေမှ မိုင် ၈ဝ ခန့်အကွာအဝေးသို့ ရောက်ရှိလာကာ ဗီယက်နမ်ကမ်းခြေအား လေပြင်းများစတင်တိုက်ခတ်လာနိုင်မည်ဖြစ်ပါသည်။

MIRINAE သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာလ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမတိုင်မီ ဗီယက်နမ်ကမ်းခြေအား Tuy Hoa မြို့အနီးမှ ဖြတ်ကျော်ကာ ကုန်းတွင်သို့ ဝင်ရောက်ပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်အားပျော့သွားမည်ဟုခန့်မှန်းထားပါသည်။

တိုင်ဖွန်းမုန်တိုင်း MIRINAE (SANTI) တောင်ဘက်ထပ်ဆင်း

တိုင်ဖွန်းမုန်တိုင်း MIRINAE (SANTI) 23W သည် ယနေ့ 0600 GMT တွင် ရရှိသော အချက်အလက်များအရ လမ်းကြောင်း ခန့်မှန်းချက်မှာ တောင်ဘက်သို့ ၂၅ မိုင်ခန့် ထပ်မံကျဆင်းကြောင်းတွေ့ရပါသည်။

MIRINAE သည် မနီလာမြို့၏ အရှေ့ဘက် ၅၆ဝ နော်တီကယ်မိုင် (၆၂၅ မိုင်ခန့်)တွင်ရောက်ရှိဗဟိုပြုနေပြီး အနောက်ဘက်သို့ တစ်နာရီလျှင် မိုင် ၂ဝ နှုန်းဖြင့် ရွေ့လျားနေပါသည်။ ရွေ့လျားနှုန်းပိုမို မြန်လာသည့်အတွက် ဖိလစ်ပိုင် အရှေ့ဘက်ကမ်းခြေအနီးသို့ ပိုမိုစောစီးစွာ ရောက်လာလိမ့်မည်ဟု ခန့်မှန်းထားပါသည်။

လေတိုက်နှုန်း တစ်နာရီလျှင် ၁ဝ၅ မိုင်မှ ၁၂၅ မိုင်နှုန်း အထိရှိသော လေပြင်းများသည် လာမည့် ၃၆ နာရီ အတွင်း ၄င်းနိုင်ငံ၏ အရှေ့ဘက် ကမ်းခြေသို့ စတင် တိုက်ခတ်လာနိုင်ဘွယ်ရှိနေပါသည်။ အောက်တိုဘာ ၃၁ ရက်နေ့တွင် ဆူးဘစ်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှ ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်မည့် MIRINAE သည် နိုဝင်ဘာလ ၂ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီမတိုင်မီမှာပင် ဗီယက်နမ်ကမ်းခြေကို ဆက်လက် ဖြတ်ကျော်ဝင်ရောက်နိုင်ဘွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။

လမ်းကြောင်းပုံဖေါ်နှိုင်းယှဉ်တင်ပြခြင်း ပုံကို click လုပ်၍ ကြည့်ပေးပါရန်

290600GMT-track

 

 

 

 

 

 

29OCT-track

တိုင်ဖွန်းမုန်တိုင်းဖြစ်လာသော MIRINAE(23W)

တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာပြီဖြစ်သော MIRINAE (23W – Twenty-Three) သည် အောက်တိုဘာလ ၂၈ ရက် မြန်မာစံတော်ချိန် နံနက် ၈နာရီခွဲအချိန်ရရှိသော အချက်အလက်များအရ မနီလာမြို့အရှေ့ဘက် ၁၁၇၄ မိုင်ခန့်သို့ ရောက်ရှိဗဟိုပြုနေပြီး CAT-2  (လေတိုက်နှုန်း တစ်နာရီ ၉၆ မိုင်မှ ၁၁ဝ နှုန်း)သို့  ရောက်ရှိလာပြီဖြစ်ကြောင်းသိရပါသည်။

တိုင်ဖွန်းမုန်တိုင်း MIRINAE သည် အနောက်ဘက်သို့ တစ်နာရီလျှင် ၂၁ မိုင်နှုန်းဖြင့် လျှင်မြန်စွာရွေ့လျားလျှက်ရှိကာ ကြာသကတေးနေ့ နံနက်ပိုင်း (ဂျပန်စံတော်ချိန် ၉ နာရီ) တွင် အင်အားပိုမိုကောင်းလာပြီး အဆင့်-၃ ဆိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြပါသည်။

တိုင်ဖွန်းမုန်တိုင်း၏ လမ်းကြောင်းမှာ မူလခန့်မှန်းထားသည့်အတိုင်းသိသာသော ပြောင်းလဲမှုမရှိကြောင်း တွေ့နိုင်ပါသည်။ လာမည့် အောက်တိုဘာလ ၃ဝ ရက် သောကြာနေ့မတိုင်မီမှာပင် တိုင်ဖွန်းမုန်တိုင်း MIRINAE ၏ တိုက်ခတ်မှုကို ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းဒေသများ၌ စတင်ခံစားရဘွယ်ရှိပါသည်။

တိုင်ဖွန်းမုန်တိုင်း MIRINAE နှင့်ပတ်သက်သည့် ထူးခြားမှုများကို mmweather မှ ဆက်လက်စောင့်ကြည့်လေ့လာတင်ပြပေးသွားမည်ဖြစ်ပါသည်။

TSR YELLOW ALERT 27OCT 1800 UTC  (အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်)
http://bit.ly/4eHocT

အပူပိုင်းမုန်တိုင်း 23W – MIRINAE ဟု အမည်ပေးပြီ

အပူပိုင်းမုန်တိုင်း 23W (TWENTY-THREE) အား ဂျပန်မိုးလေဝသဌာနမှ ထုတ်ပြန်ချက်တွင် MIRINAE ဟု အမည်ပေးထားလိုက်ပြီဖြစ်ပါသည်။

လက်ရှိတည်နေရာအား ဂူအမ်ကျွန်းအနောက်မြောက်ဘက် မိုင် ၁၆ဝ ခန့်တွင် ရှိနေကြောင်း ဖေါ်ပြထားပြီး အနောက်ဘက်သို့ ၁ နာရီလျှင် ၃ဝ ကီလိုမီတာနှုန်း (၁၈.၆ မိုင်နှုန်း) ဖြင့် ရွေ့လျားနေကြောင်း၊ လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ မှ ၅၅ မိုင်နှုန်း အခန့် အထိ ရှိကြောင်း ဖေါ်ပြထားပါသည်။

အပူပိုင်းမုန်တိုင်း MIRINAE သည် အောက်တိုဘာလ ၃ဝ ရက်နေ့ 0600UTC မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှ မိုင် ၂၇ဝ ခန့် အကွာသို့ရောက်ရှိလာမည်ဖြစ်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၈ဝ မှ ၁၁၅ မိုင်နှုန်းရှိသည့် အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းသို့ ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းဖေါ်ပြထားကြောင်း၊ မုန်တိုင်း၏ လမ်းကြောင်းမှာ ယခင်ခန့်မှန်းချက်များထက် မိုင်အနည်းငယ်ခန့် မြောက်ပိုင်းသို့ ရောက်ရှိလာသည်ကိုတွေ့ရကြောင်း တင်ပြလိုက်ပါသည်။